ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အင်တာနက်တွေ မြန်မြန်ဆန်ဆန် သုံးနေရတာ၊ ဆရာဝန်တွေက ခန္ဓာကိုယ်ထဲကို ကင်မရာထည့်ပြီး ကြည့်နိုင်တာတွေဟာ လူတယောက်ရဲ့ သိချင်စိတ် ကြောင့် စတင်ခဲ့တာပါ။
သူကတော့ အိန္ဒိယနွယ်ဖွား သိပ္ပံပညာရှင် Narinder Singh Kapany ဖြစ်ပါတယ်။
ဒီလိုဖြစ်လာခြင်းရဲ့ အစက အိန္ဒိယက စာသင်ခန်းတစ်ခုမှာပါ။
ငယ်စဉ်က ကျောင်းဆရာတယောက်က အလင်းဆိုတာ မျဉ်းဖြောင့်အတိုင်းပဲ သွားတယ် လို့ သင်ပေးပါတယ်။
ဒါကို Kapany က လက်မခံပါဘူး။
"အလင်းကို ကွေးလို့ ရရမယ်" ဆိုတဲ့ စိတ်ကူးနဲ့ အင်္ဂလန်နိုင်ငံ Imperial College London မှာ ပါရဂူဘွဲ့ သွားယူခဲ့ပါတယ်။
သူ့ဘဝတစ်ခုလုံးကို အလင်းကွေးညွှတ်ခြင်း (Bending Light) ပေါ်မှာပဲ မြှုပ်နှံထားခဲ့ပါတယ်။
၁၉၅၃ ခုနှစ်မှာ သူဟာ သမိုင်းဝင် တွေ့ရှိချက်တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။
ဖန်မျှင်အစုအဝေး (Bundles) တွေကို အသုံးပြုပြီး အလင်းကို ကွေးညွှတ်ပြီး သယ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
အရင်လူတွေ စမ်းသပ်တုန်းက အလင်းတွေက ဖန်မျှင်ဘေးကနေ ယိုစိမ့်ထွက်သွားလို့ မအောင်မြင်ခဲ့ပါဘူး။
Kapany က Total Internal Reflection (အလင်းပြန်စနစ်) ကို သုံးပြီး အလင်းကို ဖန်မျှင်ပြွန်ထဲမှာ လှောင်ပိတ်ကာ ခရီးသွားစေခဲ့တာပါ။
၁၉၆၀ ခုနှစ် Scientific American မဂ္ဂဇင်းမှာ သူက ဒီနည်းပညာကို Fiber Optics လို့ ကမ္ဘာသိအောင် နာမည်ပေးခဲ့ပါတယ်။
အမေရိကန်ကို ပြောင်းရွှေ့ပြီးနောက် သူဟာ မူပိုင်ခွင့် (၁၀၀) ကျော် ပိုင်ဆိုင်တဲ့ တီထွင်သူ ဖြစ်လာပါတယ်။
ဆရာဝန်တွေ ခန္ဓာကိုယ်ထဲကို ခွဲစိတ်စရာမလိုဘဲ ကြည့်ရှုနိုင်မယ့် မှန်ပြောင်း (Endoscopes) တွေကို ဖန်တီးပေးခဲ့ပါတယ်။
စစ်တပ်သုံး ညဘက်ကြည့် မှန်ပြောင်း (Night Vision) နည်းပညာတွေမှာလည်း သူ့တွေ့ရှိချက်ကို အသုံးပြုပါတယ်။
ကမ္ဘာ့သတင်းအချက်အလက်တွေကို အလင်းအမြန်နှုန်းနဲ့ ပို့ဆောင်နိုင်မယ့် အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို Fiber Optics နဲ့ပဲ Charles Kao ဆိုသူ ရရှိခဲ့ပါတယ်။ Kapany ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။
နိုဘယ်ကော်မတီက Charles Kao ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက Kao ဟာ ဖန်သားထဲက အညစ်အကြေးတွေကြောင့် အလင်းဆုံးရှုံးမှုကို တွက်ချက်ပြနိုင်ခဲ့ပြီး တာဝေးဆက်သွယ်ရေး (Long-distance Communication) အတွက် အဓိက သော့ချက်ကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။
Kapany ကတော့ ဖိုင်ဘာကြိုးကို စတင်အောင်မြင်အောင် လုပ်ပြနိုင်ခဲ့သူ (Pioneer) ဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာ (တာတို) ဘက်ကို ပိုဦးတည်ခဲ့လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သိပ္ပံလောကသားတွေက မကျေနပ်ကြပေမယ့် Kapany ကတော့ နိုဘယ်ဆုက ငါ့အပိုင်း မဟုတ်ပါဘူး ဆိုပြီး လူကြီးလူကောင်း ပီသစွာ အေးအေးဆေးဆေးပဲ တုံ့ပြန်ခဲ့ပါတယ်။
သူဟာ သိပ္ပံပညာရှင်သာမက ဆစ်ခ်လူမျိုးတို့ရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Kapany ဟာ ၂၀၂၀ ခုနှစ်၊ အသက် ၉၄ နှစ်အရွယ်မှာ သူကွယ်လွန်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီကနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Zoom Meeting တွေ၊ Netflix တွေ၊ အိမ်အရောက် Fiber အင်တာနက်တွေ အားလုံးဟာ အလင်းကို ကွေးလို့ရတယ် ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပေါ်လာရတာပါ။
Narinder Singh Kapany ဟာ ဖြောင့်တန်းနေတဲ့ စည်းမျဉ်းတွေကို ကွေးညွှတ်ရဲတဲ့ သတ္တိ ရှိရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်ဆိုတာ သက်သေပြခဲ့သူလည်း ဖြစ်ပါတယ်။
Credit - Thuta Zone Fb













Myanmar Kyat Converter
No comments:
Post a Comment