Friday, January 30, 2026

အလင်းကို ကွေးညွှတ်စေပြီး လူသားတွေကို အကျိုးပြုခဲ့သူ

 




ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အင်တာနက်တွေ မြန်မြန်ဆန်ဆန် သုံးနေရတာ၊ ဆရာဝန်တွေက ခန္ဓာကိုယ်ထဲကို ကင်မရာထည့်ပြီး ကြည့်နိုင်တာတွေဟာ လူတယောက်ရဲ့ သိချင်စိတ် ကြောင့် စတင်ခဲ့တာပါ။ 


သူကတော့ အိန္ဒိယနွယ်ဖွား သိပ္ပံပညာရှင် Narinder Singh Kapany ဖြစ်ပါတယ်။


ဒီလိုဖြစ်လာခြင်းရဲ့ အစက အိန္ဒိယက စာသင်ခန်းတစ်ခုမှာပါ။ 


ငယ်စဉ်က ကျောင်းဆရာတယောက်က အလင်းဆိုတာ မျဉ်းဖြောင့်အတိုင်းပဲ သွားတယ် လို့ သင်ပေးပါတယ်။ 


ဒါကို Kapany က လက်မခံပါဘူး။ 


"အလင်းကို ကွေးလို့ ရရမယ်" ဆိုတဲ့ စိတ်ကူးနဲ့ အင်္ဂလန်နိုင်ငံ Imperial College London မှာ ပါရဂူဘွဲ့ သွားယူခဲ့ပါတယ်။ 


သူ့ဘဝတစ်ခုလုံးကို အလင်းကွေးညွှတ်ခြင်း (Bending Light) ပေါ်မှာပဲ မြှုပ်နှံထားခဲ့ပါတယ်။


၁၉၅၃ ခုနှစ်မှာ သူဟာ သမိုင်းဝင် တွေ့ရှိချက်တစ်ခုကို လုပ်နိုင်ခဲ့ပါတယ်။ 


ဖန်မျှင်အစုအဝေး (Bundles) တွေကို အသုံးပြုပြီး အလင်းကို ကွေးညွှတ်ပြီး သယ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။


အရင်လူတွေ စမ်းသပ်တုန်းက အလင်းတွေက ဖန်မျှင်ဘေးကနေ ယိုစိမ့်ထွက်သွားလို့ မအောင်မြင်ခဲ့ပါဘူး။


Kapany က Total Internal Reflection (အလင်းပြန်စနစ်) ကို သုံးပြီး အလင်းကို ဖန်မျှင်ပြွန်ထဲမှာ လှောင်ပိတ်ကာ ခရီးသွားစေခဲ့တာပါ။


၁၉၆၀ ခုနှစ် Scientific American မဂ္ဂဇင်းမှာ သူက ဒီနည်းပညာကို Fiber Optics လို့ ကမ္ဘာသိအောင် နာမည်ပေးခဲ့ပါတယ်။


အမေရိကန်ကို ပြောင်းရွှေ့ပြီးနောက် သူဟာ မူပိုင်ခွင့် (၁၀၀) ကျော် ပိုင်ဆိုင်တဲ့ တီထွင်သူ ဖြစ်လာပါတယ်။


ဆရာဝန်တွေ ခန္ဓာကိုယ်ထဲကို ခွဲစိတ်စရာမလိုဘဲ ကြည့်ရှုနိုင်မယ့် မှန်ပြောင်း (Endoscopes) တွေကို ဖန်တီးပေးခဲ့ပါတယ်။


စစ်တပ်သုံး ညဘက်ကြည့် မှန်ပြောင်း (Night Vision) နည်းပညာတွေမှာလည်း သူ့တွေ့ရှိချက်ကို အသုံးပြုပါတယ်။


ကမ္ဘာ့သတင်းအချက်အလက်တွေကို အလင်းအမြန်နှုန်းနဲ့ ပို့ဆောင်နိုင်မယ့် အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါတယ်။


၂၀၀၉ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို Fiber Optics နဲ့ပဲ Charles Kao ဆိုသူ ရရှိခဲ့ပါတယ်။ Kapany ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။ 


နိုဘယ်ကော်မတီက Charles Kao ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက Kao ဟာ ဖန်သားထဲက အညစ်အကြေးတွေကြောင့် အလင်းဆုံးရှုံးမှုကို တွက်ချက်ပြနိုင်ခဲ့ပြီး တာဝေးဆက်သွယ်ရေး (Long-distance Communication) အတွက် အဓိက သော့ချက်ကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ 


Kapany ကတော့ ဖိုင်ဘာကြိုးကို စတင်အောင်မြင်အောင် လုပ်ပြနိုင်ခဲ့သူ (Pioneer) ဖြစ်ပေမယ့် ဆေးဘက်ဆိုင်ရာ (တာတို) ဘက်ကို ပိုဦးတည်ခဲ့လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။


သိပ္ပံလောကသားတွေက မကျေနပ်ကြပေမယ့် Kapany ကတော့ နိုဘယ်ဆုက ငါ့အပိုင်း မဟုတ်ပါဘူး ဆိုပြီး လူကြီးလူကောင်း ပီသစွာ အေးအေးဆေးဆေးပဲ တုံ့ပြန်ခဲ့ပါတယ်။


သူဟာ သိပ္ပံပညာရှင်သာမက ဆစ်ခ်လူမျိုးတို့ရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 


Kapany ဟာ ၂၀၂၀ ခုနှစ်၊ အသက် ၉၄ နှစ်အရွယ်မှာ သူကွယ်လွန်ခဲ့ပါတယ်။ 


ဒါပေမဲ့ ဒီကနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Zoom Meeting တွေ၊ Netflix တွေ၊ အိမ်အရောက် Fiber အင်တာနက်တွေ အားလုံးဟာ အလင်းကို ကွေးလို့ရတယ် ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပေါ်လာရတာပါ။


Narinder Singh Kapany ဟာ ဖြောင့်တန်းနေတဲ့ စည်းမျဉ်းတွေကို ကွေးညွှတ်ရဲတဲ့ သတ္တိ ရှိရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်ဆိုတာ သက်သေပြခဲ့သူလည်း ဖြစ်ပါတယ်။

Credit - Thuta Zone Fb 

Wednesday, January 14, 2026

ကမ္ဘာကြီးကို ခဲဆိပ်သင့်မှုမှ ကယ်တင်ခဲ့သူ

 


ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး သက်တမ်းဘယ်လောက်ရှိပြီလဲဆိုတာ မိတ်ဆွေသိပါသလား။ 


နှစ်သန်းပေါင်း ၄၅၀၀ ကျော် လို့ အဖြေထွက်လာဖို့အတွက် လူတစ်ယောက်ဟာ နှစ်ပေါင်းများစွာ အပင်ပန်းခံ တွက်ချက်ခဲ့ရပါတယ်။


ဒါပေမဲ့ အဲဒီတွက်ချက်မှုခရီးစဉ်မှာပဲ သူဟာ ကမ္ဘာကြီးတစ်ခုလုံးကို တိတ်တဆိတ်သတ်  ဖြတ်နေတဲ့ လူ သတ် တရားခံကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 


အဲဒီတရားခံကတော့ လေထုထဲမှာ ပျံ့နှံ့နေတဲ့ 'ခဲ' (Lead) ဓာတ်တွေ ဖြစ်ပါတယ်။


ဒီအန္တရာယ်ကို ဖော်ထုတ်ဖို့အတွက် ရေနံကုမ္ပဏီကြီးတွေရဲ့ ဖိနှိပ်မှု၊ အသက်မွေးဝမ်းကျောင်း ပျက်စီးမတတ် ခြိမ်းခြောက်မှုတွေကို တကိုယ်တော် အံတုခဲ့သူကတော့ အမေရိကန် ဘူမိဓာတုဗေဒပညာရှင် ကလဲ ပက်တာဆန် (Clair Patterson) ပဲ ဖြစ်ပါတယ်။


၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ပက်တာဆန်ဟာ ကျောင်းသားတစ်ဦးအနေနဲ့ ကြီးမားတဲ့ တာဝန်တစ်ခုကို ရယူခဲ့ပါတယ်။ 


အဲဒါကတော့ ကျောက်တုံးတွေထဲက ယူရေနီယမ် ကနေ ခဲ အဖြစ် ပြိုကွဲသွားတဲ့နှုန်းကို တိုင်းတာပြီး ကမ္ဘာမြေရဲ့ သက်တမ်းကို တွက်ချက်ဖို့ပဲ ဖြစ်ပါတယ်။ 

(ကမ္ဘာ့ကျောက်သားတွေက ပြောင်းလဲလွယ်တာမို့ သူဟာ ကမ္ဘာနဲ့ သက်တမ်းတူတဲ့ Canyon Diablo ဥက္ကာပျံကျောက်စကို အသုံးပြု တွက်ချက်ခဲ့တာပါ)။


ဒါပေမဲ့ သူ စမ်းသပ်တိုင်းမှာ ပြဿနာတစ်ခု တက်နေပါတယ်။ ကျောက်တုံးနမူနာတွေထဲမှာ ခဲပမာဏက ပုံမှန်ထက် အဆမတန် များနေတာပါပဲ။ 


သူက ဓာတ်ခွဲခန်း မသန့်ရှင်းလို့ ဖြစ်မယ်ထင်ပြီး ကြမ်းတိုက်၊ ဆေးကြော၊ အကုန်လုပ်ပေမယ့် ခဲပမာဏက လျော့မသွားပါဘူး။


နောက်ဆုံးမှာ သူသဘောပေါက်လိုက်တာက သူ့ဓာတ်ခွဲခန်း မသန့်တာ မဟုတ်ဘဲ လေထုထဲမှာကိုက ခဲတွေ ပြည့်နှက်နေတာ ဖြစ်ကြောင်း သိလိုက်ရပါတယ်။


ဒီပြဿနာကို ဖြေရှင်းဖို့ ပက်တာဆန်ဟာ ပထမဆုံး "Ultra-Clean Room" (အလွန်သန့်ရှင်းတဲ့ အခန်း) ကို တည်ဆောက်ခဲ့ပါတယ်။ 


ပြင်ပလေတွေ မဝင်နိုင်အောင် ပိတ်ပြီး၊ ဝင်မယ့်သူတိုင်း အထူးဝတ်စုံဝတ်ကာ အက်ဆစ်နဲ့ ဆေးကြောရပါတယ်။


ဒီလိုကြိုးစားပြီးမှ ၁၉၅၆ ခုနှစ်မှာ သူဟာ ကမ္ဘာမြေရဲ့ သက်တမ်း ၄.၅၅ ဘီလျံ ဆိုတဲ့ အဖြေကို တိတိကျကျ တွက်ထုတ်နိုင်ခဲ့ပါတယ်။ 


ကမ္ဘာ့သက်တမ်းကို သိပြီးပေမယ့် ပက်တာဆန်ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ကျန်ရစ်ခဲ့ပါတယ်။ 


"ဘာဖြစ်လို့ လေထုထဲမှာ၊ ရေထဲမှာ၊ ငါတို့စားတဲ့ အစားအစာတွေထဲမှာ ခဲဓာတ်တွေ ဒီလောက်များနေရတာလဲ"


အဲဒီခေတ်က "Ethyl" လို့ခေါ်တဲ့ ဓာတ်ဆီကုမ္ပဏီကြီးတွေက ကားအင်ဂျင်တွေ ပိုကောင်းအောင် ဓာတ်ဆီထဲမှာ ခဲ (Tetraethyllead) ကို ထည့်သွင်းရောင်းချနေကြပါတယ်။ 


သူတို့က "ခဲဆိုတာ သဘာဝအတိုင်း ရှိနေတာပါ၊ လူတွေကို အန္တရာယ်မပေးပါဘူး" လို့ နှစ်ပေါင်းများစွာ လိမ်ညာဝါဒဖြန့်ထားကြပါတယ်။


ပက်တာဆန်ကတော့ ဒါကို မယုံပါဘူး။ ခဲဆိုတာ အာရုံကြောကို ပျက်စီးစေပြီး၊ ကလေးတွေကို ဉာဏ်ရည်နိမ့်ပါးစေတဲ့ အ ဆိိပ် အတောက် ဖြစ်ပါတယ်။


ပက်တာဆန်ဟာ အမှန်တရားကို သက်သေပြဖို့ ကြိုးစားတဲ့အခါ ရေနံကုမ္ပဏီကြီးတွေက သူ့ကို ရန်သူလို သဘောထားပါတော့တယ်။


သူ့ရဲ့ သုတေသန ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့ ဖိအားပေးတယ်။ တက္ကသိုလ်ကနေ ထွက်အောင် နည်းမျိုးစုံနဲ့ နှိပ်ကွပ်တယ်။


သူတို့ငှားထားတဲ့ ဆရာဝန်တွေကိုသုံးပြီး ပက်တာဆန်ကို အရူးတစ်ယောက်လို ပုံဖော်ကြပါတယ်။


ဒါပေမဲ့ ပက်တာဆန်က နောက်မဆုတ်ပါဘူး။ သူဟာ ဂရင်းလန်ကျွန်း နဲ့ အန္တာတိကတိုက် ကို သွားရောက်ပြီး ရေခဲလွှာတွေကို အလွှာလိုက် (Ice Cores) တူးဖော်စစ်ဆေးပါတယ်။


သူ့ရဲ့ တွေ့ရှိချက်ကတော့ ထိတ်လန့်စရာပါပဲ။ လွန်ခဲ့တဲ့ နှစ်ရာချီက ရေခဲလွှာတွေထဲမှာ ခဲဓာတ် လုံးဝမရှိသလောက် နည်းပါးပေမယ့် မော်တော်ကားတွေ ပေါ်လာပြီးနောက်ပိုင်း ရေခဲလွှာတွေထဲမှာ ခဲဓာတ်ပမာဏ ရာနဲ့ချီ မြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။ 


ဒါဟာ ခဲဆိိပ် သင့်မှုဟာ သဘာဝကြောင့်မဟုတ်ဘဲ လူလုပ် (ဓာတ်ဆီ) ကြောင့်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။


ပက်တာဆန်ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်အစိုးရက Clean Air Act ကို ပြဌာန်းပြီး ဓာတ်ဆီထဲမှာ ခဲထည့်တာကို စတင်ပိတ်ပင်ခဲ့ပါတယ်။ (၁၉၈၆ မှာ လုံးဝ ပိတ်ပင်ခဲ့ပါတယ်)။


ရလဒ်အနေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ သွေးထဲမှာပါဝင်တဲ့ ခဲဓာတ်ပမာဏဟာ ၈၀% အထိ ချက်ချင်း ကျဆင်းသွားခဲ့ပါတယ်။ ကလေးငယ်သန်းပေါင်းများစွာဟာ ဦးနှောက်ပျက်စီးမယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ပါတယ်။


ကလဲ ပက်တာဆန် ဟာ ၁၉၉၅ ခုနှစ်(အသက် ၇၃နှစ်) မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ နိုဘယ်လ်ဆု မရခဲ့သလို သူဌေးကြီးလည်း မဖြစ်ခဲ့ပါဘူး။


ဒါပေမဲ့ ဒီနေ့ခေတ် ကျွန်တော်တို့ ရှူရှိုက်နေတဲ့ လေထုထဲမှာ အ ဆိိပ် အတောက်တွေ မရှိသလောက်နည်းပါးသွားတာ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ ပုံမှန်ဖွံ့ဖြိုးနေတာဟာ ခဲဆိိပ်  သင့်မှုကို တကိုယ်တော် တိုက်ပွဲဝင်ခဲ့တဲ့ သူ့ရဲ့ ကျေးဇူးတရားကြောင့်ပဲ ဖြစ်ပါတယ်။